6/20/10

ကဗျာများ

ကဗျာများ
အရှုံးများနဲ့ရွက်လွှင့်ခြင်း
ညှာတာမှုကင်းမဲ့တဲ့ လောကဓံ
သိတတ်မှုမရှိတဲ့ ကံကြမ္မာ
ရက်စက်လွန်းတဲ့သဘာဝ
ဒါတွေကြောင့်...
ငါ့ရင်အစုံဟာ သွေးလေမမှန်တော့ဘူး..
အချစ်ဒသနပေါင်းများစွာရဲ့ ဘုရင်မဟာ ငါလား !
ကြေကွဲစရာများရဲ့ ထွဠ်ခေါင်ဟာ ငါလား !
အချိန်ရှိတိုင်း အတွေးတွေ လွင့်ခဲ့မိပေါ့
အခွင့်အလမ်း ဆိုတဲ့ ဆုတံဆိပ်တစ်ခုရဖို့
ကြိုးဝိုင်းထဲမှာ လောကကြီးက
ငါ့ကိုအလဲထိုးခဲ့ပြီပဲ...။
ငါ့ရဲ့ အရှုံးများနဲ့ ဘ၀ဟာ
ဘာများသုံးစားရမှာလဲ
လောကကြီးကို ပြန်စိန်ခေါ်ဖို့
ငါကြိုးစားကြည့်ဦးမယ်...။

ုထိုးစစ်
ဖွင့်ဟပြောခြင်းများ
အာစေးသုတ်ထားတာ့
မျက်ဝန်းတွေ မျက်ရည်အရောင်ထွက်
ရင်ခွင်ထဲက အက္ခရာတွေ
ရင်ခွင်ထဲမှာပဲနေရပြီပေါ့
ကဲ.... ဘယ်လိုလုပ်ရပါ့မလဲ
ဟောဒီကောင် ညံ့ဖျင်းလိုက်ပုံက
ဘယ်တော့မှ ပွင့်မှာမဟုတ်တဲ့တံခါးကိုပဲ
အထပ်ထပ်အခါခါ ခေါက်နေမိလို့ပေလား.....
ငါကလည်းခက်တယ်
လိုချင်မှန်းမသိ၊ မလိုချင်မှန်းမသိ
ရက်ရက်ရောရော ပေးအပ်ချင်နေမိတယ်...
ကဲ.......ဘာပဲဖြစ်ဖြစ်ပေါ့လေ
ငါ... မင်းကို တကယ်ချစ်တယ်ဆိုတာပြဖို့
မျက်လုံးထိုးစစ်တွေနဲ့
အကြိမ်ကြိမ်ဆင်နွဲစွဲဆောင်အုံးမယ်ဆိုတာ....ယုံ


ခွင့်ပန်ခြင်း
ကောင်မလေးရေ
အယ်ဒီဆင်ကပြောမယ်
ကမ္ဘာကြီးအတွက်
(၇) ရက် တစ်ပတ်ပြည့်တိုင်း
တီထွင်မှုအသစ်တစ်ရပ်
ချန်မှုန်းထားလိုမှုအတွက်
သူ အမြဲကြံဆသတဲ့....
ကောင်မလေးရေ
ငါ့အတွက်မှာတော့
ဟောဒီ ရင်ဘက်ကျယ်ကြီးထဲက
ယိုစီးထွက်ကျလာတဲ့
အလင်္ကာသစ်ဆန်း
သံစဉ်ပန်းတစ်ပွင့်
တစ်နေ့တစ်ရက်ကယ်မျှ
မေ့တက်ခြင်းကင်းစွာ
ပေးဆပ်ခွင့်တွေရချင်ပါရဲ့
မင်း ခွင့်ပြုမယ်ဆိုရင်ပေါ့..........


ဟာမိုနီမဖြစ်တဲ့ဂီတ
ငါက
အိမ်မက်ငှက်ကလေးတစ်ကောင်မွေးတယ်...
နင်က
အစာမကြွေးပဲရိုက်သတ်ပစ်တယ်...
ငါက
အပြုံးပန်းလေးတစ်ပွင့်ပေးတော့
နင်က
မျက်လုံးဓားနဲ့ အပိုင်းပိုင်းခုတ်ဖြတ်ပစ်တယ်...
ငါက
လေတဖြူးဖြူးသွေးတယ်
နင်က
အဲ့ဒီလေနဲ့ နှင်းဆီရနံ့တွေ မျှားစားတယ်...
ငါက
နေ့ခင်းဖြစ်လို့
နင်က
ကောင်းကင်ဘုံဆီ တိမ်တွေနဲ့ လမ်းခင်းပေးတယ်
နင်က
မုန်တိုင်းကို ခြေထောက်လုပ်ပြီး နင်းလျှောက်တယ်...
ငါက
အသည်းမြို့တော် မီးဟုန်းဟုန်းတောက်နေကြောင်း
နင့်ဆီ
စစ်ရပ်စဲရေး ကဗျာတွေပို့တယ်
နင်က အငြင်းဝါကျဗုံးတွေနဲ့
တစ်လုံးပြီးတစ်လုံး ပစ်ပေါက်တယ်...
တကယ်တော့....
ငါက
သစ်ပင်တွေအကြောင်းပြောနေတာဖြစ်ပြီး
နင်က
ပုဆိန်တွေအကြောင်း
အမြဲတမ်းပြောနေတော့တယ်။


ကြေးမုံ
ချစ်သူ
ဒီမှာ ငါ့ဘ၀စာမျက်နှာရေးပါ
ငါ့ရာဇ၀င်ကို မင်းကြိုက်သလိုရေးပါ
မင်းရေးလိုက်တဲ့ဝါကျတိုင်းမှာ
မင်းဟာ ကတ္တားအဖြစ်နေပါ
ငါ့ကိုတော့
ကံပုဒ်အဖြစ် ထားချင်ထားပေါ့
မင်းညွှန်ပြတဲ့ကြိယာတိုင်း
အဆိပ်ခွက်ချည်းဖြစ်ရင်ဖြစ်ပါစေ
ငါ့အတွက်တော့
အိမ်မက်ချိုတွေပါပဲ။
ထွင်ပါ
စကားလုံးအသစ်တွေ
နိမိတ်ပုံအသစ်တွေ
အရေးအဖွဲ့အသစ်တွေ
ငါနားလည်ပါတယ်
မင်းမျက်လုံးအဘိဓာန်တစ်အုပ်လုံး
အလွတ်ရထားတဲ့ကောင်ပဲ။
ဒါပေမဲ့ တစ်ခုတော့ရှိတယ်
နာမ၀ိသေသန ပန်းလှလှလေးတွေ
မင်းရဲ့ရှေ့မှာ အမြဲတမ်းချိတ်ဆွဲထားပါ
ဒါဆို
ငါ့ရာဇ၀င်
လှပစွာ ကျန်ရစ်နေမှာ။


တောင်းပန်ပါတယ်
မျက်ဝန်းထဲက မျှော်လင့်တဲ့အကြည့်
ရေလာမြောင်းပေး အမူအရာ
စိတ်မကောင်းကြေးကတိစကား
နုတ်ဖျားမှာ ချစ်အဖြေလေး
အသင့်ဆောင်ထားတဲ့
မော်ဒယ်မလေးရေ
ကျွန်တော်တောင်းပန်ပါတယ်
မေမေဆူနေလို့
ကျွန်တော်ရဲ့မျက်လုံးထဲနဲ့ ကျောင်းစားအုပ်ထဲက
ထွက်သွားပေပါ....


တောင်းဆိုလွှာ
ရိုးရိုးသားသားစာလုံးလေး မရေးပါရစေနဲ့
ပန်းကလေးလှလို့ ပျားကလေးဖြစ်မိတာပါ
မြောင်ကလေးရှိလို့ ရေလေးစီးမိတာပါ
ငါးကလေးမြူးလို့ ပိုက်ကလေးပစ်မိတာပါ
တကယ်ပါ ချစ်သူရယ်
အာရှတိုက်တစ်တိုက်ထဲမှာ အတူနေသရွေ့
မင်္ဂလာဆောင်ဖိတ်စာတွေ ပလူပျံနေသရွေ့
ချစ်တယ်ဆိုတဲ့ပြန်ကြားသံလေး ငုပ်နေသရွေ့
ရိုးရိုးသားသားစာလုံးလေး မရေးပါရစေနဲ့။


အလွမ်း=အချစ်
မိန်းကလေးတစ်ယောက်ကို
လွမ်းဆွတ်နေခြင်းစာ
ရှုံးနိမ့်ခြင်းဆိုလိုရင်
ကောင်မလေးရေ
မင်းကို......ငါ
အမြဲတမ်းရှုံးနိမ့်စွာဖြင့်
လွမ်းဆွတ်နေခွင့်ရချင်ရဲ့.....
တကယ်ပါ
ကမ္ဘာမြေပိတောက်အကြိမ်ကြိမ် ပန်ဆင်ခဲ့ပြီးချိန်တောင်မှ
ငါအလွမ်းတွေခမ်းမဲ့ရက်ကို
အခုထိလွမ်းနေရတုန်း
ကောင်မလေးရေ.....သိလား?
မင်းကို.... ငါလွမ်းလိုက်ရတာ
ရှင်သန်ခြင်းအဖြစ်သနစ်ရယ်မို့
အရက်ပုလင်းတွေနဲ့စီးချင်းထိုးခဲ့ရ
စီးကျမျက်ရည်ဝေခဲ့ရတဲ့ကောင်မို့
နှလုံးသားမဲ့သူတစ်ချို့ရဲ့ ရယ်သံတွေကြား
ညတာတွေရှည်လျားခဲ့ရပေါ့
ဟေ့.... ဒီမှာ
မင်းကြားဘူးလား
လရောင်လင်းမှပွင့်မဲ့
လရောင်ငတ်တဲ့ ကုမုဒြာကြာ
အဲသလို...မိုက်မဲစွာနဲ့
မင်းကို ....ငါ ချစ်တာကွ။


အချစ်ဆုံးလေ
အချစ်ဆုံးစီးတဲ့
စက်ဘီးပန်းလေးအတွက်
ရှေ့ကနင်းသူဖြစ်ချင်ဖြစ်
အချစ်ဆုံးပါး
သနပ်ခါးအ၀ါလေးအတွက်
အနံ့ခံတယ်ရီယာလေးဖြစ်ချင်ဖြစ်
အချစ်ဆုံးအစားမှား
တအားဖျားနေခြင်းအတွက်
ပါရာစီတမော့လေးဖြစ်ချင်ဖြစ်
အချစ်ဆုံးကေသာ
သန်းချစရာအတွက်
ဘီးစိပ်လေးဖြစ်ချင်ဖြစ်

လွမ်းတယ်
လွမ်းတယ်.... ရိုးရိုးရှင်းရှင်းလေးပဲ ဖွင့်အံချမိတယ် နင့်ကိုငါ လွမ်းတယ် ။ အလွမ်းဆိုတာတောင် ပီပီပြင်ပြင်မထုတ်ပြနိုင်တဲ့ဘ၀ နင်ရှိတဲ့နေရာ..နင့်အသိုင်းအ၀ိုင်းထက် ငါ့အလွမ်းတွေ ပိပိပြားပြားခေါက်သိမ်း ခေါက်ရိုးတွေလဲကျိုးခဲ့ပြီ မိုးတွေသည်းလာပြီး လျှပ်စီးတွေလက်..မိုးကြိုးတွေပြက်ရင် ငါကြောက်တယ် နင့်ကိုငါလွမ်းတယ် တစ်ချိန်က "ချစ်သူ" လို့မှတ်ထားခဲ့ဖူးတဲ့ ငါ့ account လေး အခုတော့ နင်ဘယ်လိုပြင်ဆင်ထားပါလိမ့် ငါမဟုတ်တဲ့တခြားတစ်ယောက် "ချစ်သူ" လို့နင်မှတ်သားထားတတ်နေပြီလား နင်ကမေ့ထားပေမယ့် နင့် page ကို နေ့တိုင်းရောက်ခဲ့တဲ့ငါ နင်တို့ရဲ့ အပြန်အလှန်ချစ်တေးတွေကြား အခါခါလဲ သေဆုံးခဲ့ရပါပြီ လွမ်းတယ်........ ရယ် လူတွေရှေ့မှာ နင့်ရှေ့မှာ... နင့်ချစ်သူအသစ်စက်စက် ရှေ့မှာ ဟန် ....လုပ် ...ပြုံး... ပြ....ငါ ..မော ..ခဲ့ ...ပြီ "မောင်"လို့တစ်ခွန်းခေါ်တိုင်း မျက်ရည်တွေ ဝေ့ကနဲတက် ဘယ်လိုဝဋ်ကြွေးတွေကြောင့် ငါ့မှ မိုးခေါင်ခဲ့ရသလဲကွာ......။ နင့်ချစ်သူကဗျာ comment ပေးတိုင်း ငါ့ရင်တွေ တစစ်စစ်နာတယ် ငါ့အပြစ်တွေအနန္တမို့ ငါ့မာနတွေ မိုးထိခဲ့လို့ ငါ့ရဲ့စိတ်ဂျစ်ကန်ကန်ဖြစ်ခဲ့လို့ ကွယ်...ရှိပါစေတော့........။ အားလုံးကိုပဲခေါင်းငုံ့ရင်း နင့် ကို တိတ် တ ဆိတ် တော့ လွမ်း ပါ ရ စေ နင်ရှိတဲ့နေရာမှာ အလွမ်းတွေ သီကုံးပြခွင့်မရတဲ့ဘ၀ နင်ရှိတဲ့နေရာမှာ မျက်ရည်တွေ သွန်ချခွင့်မရတဲ့ဘ၀ ဘာပဲဖြစ်ဖြစ် လွမ်းတယ် ........... ရယ်။

0 comments: