ဗုဒ္ဓ ဘာသာ ဆိုတာ ဘာလဲ လို့ ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ အရင် မေးကြည့်ချင်တယ်။ ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာ ဘာလဲ ဆိုတာကို မေးလိုက်ရင် တကယ်ကို ဆွံအ သွားတတ်ကြတယ်။ ကျွန်တော့်လည်း အရင်က တကယ်ကို ခံစားခဲ့ရဖူးတယ်။ ဟိုက်. . . ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ လို့ ကိုယ့်ဖာသာ ပြန်မေးသွားမိတယ်။ ဒါပေမဲ့ ကျွန်တော့်ဖာသာ အဖြေမရခဲ့ပါ။ ဒါကြောင့် အနီးအနားမှာ ရှိနေတဲ့ ကျွန်တော့်ထက် တတ် သိ နားလည်သူတွေကို ထပ်ဆင့်မေးကြည့်မိတယ်။ သူတို့ကပြန်ပြီး အဖြေပေးပါတယ်။ ဗုဒ္ဓ ဆိုတာ ဘုရား ၊ ဘာသာ ဆိုတာ အယူဝါဒ ။ ဒါကြောင့် ဘုရားရဲ့ အယူဝါဒ ။ ” တဲ့။ အရမ်းကို ရှင်းလင်းပေမဲ့ ကျွန်တော့် အတွက် စိတ်တိုင်းကျ အဖြေမရသေးဘူးလို့ ကျွန်တော့် ရင်တွင်းက မလိမ်မညာပဲ အဖြေပေးတယ်။ ကျွန်တော် ဆက်စဉ်းစား ကြည့်မိတယ်။ တကယ်လို့ ဗုဒ္ဓ ဆိုတာသာ ဘုရား ဆိုပြီး ဗုဒ္ဓဘာသာ ဆိုတာ “ ဘုရားအယူဝါဒ ” ဆိုရင် တခြား ဘာသာ တွေမှာလည်း သူတို့ဘာသာအရ ဘုရားကို အခေါ်အဝေါ်တွေ ရှိနေတာပဲ လို့ ကျွန်တော် ဆက်တွေးကြည့်မိတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းအတွက် ကျွန်တော် တတ်သိသူများကို မေးမြန်းခဲ့ပါတယ် ၊ စာအုပ်စာတမ်းများ ဖတ်ရှုခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်အတွက် စိတ်ကျေနပ်ဖွယ်ရာ အဖြေတစ်ခုကို ရခဲ့ပါတယ်။ ဒါကတော့ “ဗုဒ္ဓ = သိမှု မြင်မှုကိုယ်တိုင် ကြုံတွေ့ရမှုကို အခြေခံပြီး ဆရာမကူပဲ အလိုလို သိနားလည်နိုင်သော ၊ ဘာသာ = အယူဝါဒ ” ( ကိုးကား - ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ။ စာမျက်နှာ ၄၁ ၊ ၄၂ မှ ) ဆိုသော ဖြေရှင်းချက်လေးကို ရခဲ့ပါတယ်။ ဘယ်သူတွေအတွက် မှားတယ် ၊ မှန်တယ် ကျွန်တော် ဘယ်တုန်းကမှလည်း သွားမငြင်းဖြစ်ခဲ့ပါဘူး။ သူတို့ဖာသာ ဗုဒ္ဓဘာသာ ဆိုတာ ဘုရားအယူ ဆိုလို့ ဆိုခဲ့ရင်လည်း ကျွန်တော် နည်းနည်းပြောပြလို့ သဘောပေါက်လွယ်ခဲ့ရင် ဆက်ပြောဖြစ်ပြီး သူတို့ လက်ဝါးထဲက အသိကို အုပ်မိုးကာ ဇွတ်ငြင်းဆန်နေရင် ကျွန်တော် ရယ်နေလိုက်တာပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်း အတွက် “ သိမှု ၊ မြင်မှု ကို အခြေခံပြီး ဆရာမကူပဲ အရာရာကို သိမြင်နိုင်သော အယူဝါဒ ” ဆိုသော အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျွန်တော် ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ပဋိကတ်တော်တွေထဲမှာ “ ဗုဒ္ဓဘာသာ ” လို့ တစ်လုံးမှတောင်မှ မပါဘူးလို့ ထပ်၍ မှတ်သားမိပြန်ပါတော့တယ်။ တကယ်တော့ “ ဗုဒ္ဓသာသနာ ” “ ဗုဒ္ဓဝါဒ ” ခေါ်ဆိုမှသာ ပိုပြီးတော့ မှန်ကန်နိုင်တယ်လို့ ထပ်မံ ဖတ်ရပြန်ပါတယ်။
ဘာလို့ ကျွန်တော်က ဒါတွေကို အရင်ပြောပြတာလဲ ဆိုတော့ ကျွန်တော်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက လူတော်တော်များနဲ့ လွဲနေတတ်ပါတယ်။ ကျွန်တော် မှန်တယ်လို့ မပြောဝံ့သလို ၊ သူများမှန်လား ဆိုတာလည်း ကျွန်တော် မသိပါဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဆိုတာ တခြားဘာသာတွေလို ဘယ်သူ့ဆီင်္ကမှ ဘာကြီး ရပါစေ ဆိုပြီး တောင်းလို့ ရရိုး ထုံးစံ မရှိတာ တွေ့ရတယ်။ အဲ. . တောင်းသူတွေလည်း ရှိတာပေါ့လေ။ ဒါပေမဲ့ ဒါက ဆုသေးတွေကို တောင်းတာ ဖြစ်ပြီး ဘာမှ မလုပ်ပဲနဲ့ ပြည့်ကြတယ် လို့လည်း ကျွန်တော် မကြားမိပါဘူး။ ကိုယ်တိုင်တော့ လုပ်ယူရတာပါပဲ။ ဒီနေရာမှာ ဘာလို့ ကျွန်တော် ဆုသေးလို့ ပြောတာလည်း ဆိုတော့ ဆုကြီးပန်သူများ အားလုံးက ယောက်ျားဖြစ်မှ ရတာကို ထပ်တွေ့ရပြန်ပါတယ်။ ဒါကြောင့် သားဆုပန်တယ် ဆိုတာလည်း ယောက်ျား ဖြစ်စေလိုတာပဲ ၊ ယောက်ျားဆုပန်တယ် ဆိုတာလည်း ယောက်ျားဖြစ်စေလိုတာပဲ ၊ ဘုရား ဆိုတာကတော့ ပြောမနေနဲ့တော့ မိန်းမ ဘုရားမှ မရှိတာလေ။ ဒီတော့ သူတို့ ဘာလို့ ဆုတောင်းတယ် လို့ မသုံးပဲ ဆုပန်တယ် လို့ပဲ သုံးရတာလဲ ဆိုပြီး ကျွန်တော် စဉ်းစားမိတော့ ကိုယ်တိုင် မဖြစ်မနေ ကြိုးစားဆောင်ရွက်ရမဲ့ အရာတွေကို ဆုပန်တယ် လို့ သုံးတာ ကျွန်တော် တွေ့ရတယ်။ တခြားသော ဘာသာတွေမှာကတော့ သူတို့မှာ ဘာမှ မရှိဘူး။ သူတို့မှာ သူတို့ရဲ့ ထာဝရ ဘုရားရှင်ဆီမှာ ဆုတောင်းလိုက်ရင် ပြည့်သွားတယ် လို့ ယူဆကြတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ ကိုယ်ဖြစ်ချင်ရင် ကိုယ့်ဖာသာ ကြိုးစားရမယ် ဒါကြောင့် ကိုယ့်ဖာသာ ကြိုးစားဖို့ အားထုတ်ပါ့မယ် လို့ တစ်ယောက်ယောက်ကို ဝန်ခံ ပန်ကြားသော အားဖြင့် ကတိကဝတ်ပြုလိုက်တာကို “ ဆုပန်တယ် ” လို့ ခေါ်လိုက်ခြင်းလို့ ကျွန်တော် ယူဆမိတယ်။ ( ထပ်ပြောပါ့မယ် . . ကျွန်တော့်ဖာသာ ယူဆမိတယ်။ ) ဒါကြောင့် ကျွန်တော် ဘာကြီး ဖြစ်ပါစေ လို့ ဆု မတောင်းမိတော့ပါ။ ကျွန်တော့်ဖာသာပဲ ဖြစ်အောင် လုပ်မယ် ဆိုသော ကတိကဝတ်ဖြင့် တစ်စုံတစ်ယောက် ၊ တစ်စုံတစ်နေရာမှာ ( ဥပမာ - ဘုရားရှေ့မှောက်မှာ ) ဆု ပန်ကြားမိပါတော့တယ်။ ကိုယ်ဖြစ်ချင်တာကို ဘယ်သူ့ကိုမှ အားမကိုးပဲ မိမိဖာသာပဲ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ကတိကဝတ် တစ်ခုကို “ ဆုပန်တာ ” လို့ ကျွန်တော် မြင်မိခဲ့ပါတယ်။ ဒီမှာ ကျွန်တော် တင်ပြစရာ နည်းနည်း ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး တရားကို အချိန်လေး နည်းနည်းရရင် လေ့လာကျင့်ကြံသူများ အတွက်ပါ။ လုပ်ကြည့်ရင် အကျိုးထူးမယ် လို့လည်း ယုံကြည်မိပါတယ်။ အရင်က ရပ်ကွက်က ဓမ္မာရုံမှာ အင်္ဂါနေ့ဆိုရင် တရားအကြောင်းတွေပဲ ဆွေးနွေးကြပါတယ်။ တရားအကြောင်း ဆွေးနွေးတယ် ဆိုတာထက် ငါဘယ်လောက် သိတယ် တတ်တယ် ဆိုတာကိုပဲ ပြောနေကြသလိုပဲ ကျွန်တော်ကြားမိတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစင်္ကြာတရား ဟောနေတဲ့ နေပြိုင် ၊ လပြိုင် ဆိုသော ပန်းချီကားကို တွေ့ဖူး မြင်ဖုးကြမှာပါ။ ဘုရား တရားဟောနေရာမှ မျက်နှာမူရာ အရပ်က “ မြောက်အရပ် ” ပါ။ ဒီအချိန်မှာ ဘုရားရဲ့ လက်ယာဘက်မှာ လ ကလည်း အပြိုင် ၊ လက်ဝဲဘက်မှာ နေ ကလည်း အပြိုင် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထူးခြားချက် ရှိပါတယ်။ ဘုရားဟာ ပညာကို အားပေးပါတယ်။ တန်ခိုးကို အားမပေးပါဘူး။ ဒါကြောင့် လ ဆိုတာ ပညာ ကို ကိုယ်စားပြုပြီး နေ ဆိုတာ တန်ခိုး ကို ကိုယ်စားပြုပါတယ်။ ဘုရားက မြောက်ဘက် အရပ်ကို မျက်နှာမူပြီး တရားဟောနေတာ ဖြစ်တော့ လက်ယာဘက် အခြမ်းက အရှေ့ဘက်ပါ။ လက်ယာအခြမ်းမှာ လ က အပြိုင်တည်ရှိနေပြီး ၊ လက်ဝဲဘက် က အနောက်ဘက် ၊ ဘက်ဝဲဘက် အခြမ်းမှာ နေ က တည်ရှိနေပါတယ်။ ဒါက ဘာကို ရည်ညွှန်းပြောဆိုတာလည်း ဆိုတော့ ပညာက အတတ် ၊ တန်ခိုးက အကျ ” ဆိုတဲ့ သဘောတရားလေးကိုပါ ယြူုပီး ဗုဒ္ဓမြတ်စွာ ဘုရားက တရားဟောချိန်ကို ပြင်ဆင် နေရာယူကာ ဟောပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဟိုးအရင်က ပန်းချီတွေမှာ နေကို လက်ယာဘက်မှာ ထည့်ပြီး မှားဆွဲ မိတတ်ကြပါတယ်။ နောက်တော့ ကျမ်းဂန်တွေကို သေချာ မလေ့လာပဲ ၊ ဆိုဆုံးမမှုတွေကို သေချာ မလေ့လာပဲ မှားဆွဲမိတာကို ဝန်မခံချင်တော့ နောက်ဆုံးမှာ အဓိက ပြယုဂ် ဖြစ်တဲ့ “ နေပြိုင် လပြိုင် ” က ပါမလာတော့ပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားက “ ပညာကို အားပေပြီး တန်ခိုးကို အားမပေးဘူး ” ဆိုတဲ့ ဆိုဆုံးမမှုဟာလည်း ကွယ်ပျောက်လု မတတ်ဖြစ်ပြီး တရားပွဲ ဆွေးနွေးကြရာမှာလည်း သူတတ်တယ် ငါ တတ်တယ် ဆိုပြီး ငြင်းခုန်မိကြတော့တာပါ။ အခုလည်း ဓမ္မာရုံမှာ တရားအကြောင်းကို အကြောင်းပြုပြီး သူတို့ ငြင်းခုန်နေကြတယ်။ ကျွန်တော် နားထောင်ကြည့်မိတော့ “ ငါတို့ မိုးကုတ်က ဘယ်လို ၊ ငါတို့ သဲအင်းဂူက ဘယ်လိုကွ ၊ ငါတို့ ကသစ်ဝိုင်က ဘာ ” ဆိုတဲ့ စကားတွေပဲ ကြားရတယ်။ တကယ်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ အမျိုးမျိုး အထွေထွေ မရှိပါ။ အခုလို ဗုဒ္ဓဘာသာ အချင်းချင်း ငြင်းခုန်နေကြလေလေ သူတို့မှာ တရားနဲ့ ဝေးနေတယ် ဆိုတာ သိသာစေပါတယ်။ ဆူးလေဘုရားကို ရောက်အောင် ဘယ်ကနေသွားရလဲ ဆိုတော့ ဆူးလေဘုရားလမ်းက သွားမှ ရောက်တာ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းကနေ သွားပြီးမှ ကွေ့လိုက်လည်းရောက်တာပါပဲ။ ကမ်းနားလမ်းကနေ တတ်လာပြီးမှ လျှောက်လာရင်လည်း ရောက်တာပါပဲ။ ဗုဒ္ဓဘာသာရဲ့ အဓိက က နိဗ္ဗာန်ကို မျှော်ရည်ဖို့ပါ။ ဒါကြောင့် ဘယ်လမ်းကပဲ သွားသွား လိုရာ ခရီးရောက်ဖို့ပဲ လိုပါတယ်။ အခုတော့ ကျွန်တော် သူတို့ ဆွေးနွေးနေတာကို နားထောင်မိရင် “ ပိန်ဖောင်းက ကောင်းတယ် ၊ ရှူ ထုတ်က ပိုကောင်းတယ် ၊ ထိ မှတ် ကြွ လှမ်း က ပိုအဆင်ပြေတယ် ” ဒါတွေကို ငြင်းခုန်နေကြတာနဲ့ သူတို့ လိုရာကို မရောက်နိုင်ကြဘူး လို့ ကျွန်တော် မြင်တယ်။ သူတို့က ဓမ္မာရုံကို လူစည်အောင် လုပ်ပေးရုံ ၊ လက်ဖက်သည်ကို ရောင်းကောင်းအောင် ထောက်ပံ့နေတယ် လို့ပဲ ကျွန်တော် တွေးမိတယ်။
ထားပါတော့လေ. . . ဒီနေရာမှာ ဗုဒ္ဓ တရားတော်ကို ကျွန်တော် ဆင်ခြင်မိတာလေးပဲ ပြောပြီး နိဂုံးချုပ်ပါ့မယ်။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိ ဘယ်ကျင့်စဉ်လမ်းကိုပဲ လိုက်လိုက် အဓိကကတော့ “သတိ” ပါပဲ။ သတိနောက်မှာ အသိ လေး ကပ်ထားရပါမယ်။ ဒီလိုပဲ အသိ နောက်မှာလည်း သတိ က ပါနေရပါမယ်။ ဘယ်ကျင့်ကြံအားထုတ်တဲ့ တရားသဘောက “ ပိန်ဖောင်းပဲ ဖြစ်ဖြစ် ၊ ရှူထုတ်ပဲ ဖြစ်ဖြစ် ၊ ထိ မှတ် ကြွ လှမ်း ပဲ ဖြစ်ဖြစ် ” အရေးအကြီးဆုံးက စိတ်နောက်ကို သတိ နဲ့ အသိ က လိုက်မသွားဖို့ပါ။
ဥပမာ- မြင်တာကို မြင်တယ် လို့ပဲ မှတ်ပါ။ မြင်တယ် မြင်တယ် ဒါဆို ရပါပြီ။ ဘာကို မြင်တာလဲ ဆိုရင် လမ်လွဲပါတယ်။
ကြားတယ် ဆိုရင်လည်း ကြားတယ် ကြားတယ် ပဲ မှတ်ပါ။ ဒါကို ဘာအသံလဲ ဆိုရင် လမ်းလွဲပါတယ်။
ရှူတယ် ဆိုရင်လည်း ဝင်တယ် ထွက်တယ် ပဲ မှတ်ပါ။ ဒီလေက အဆုတ်ထဲကို ရောက်သွားတဲ့ အထိ ပါသွားရင် မှားပါတယ်။
အနံ့ရတယ် ဆိုရင်လည်း ရတယ် ရတယ် ပဲ မှတ်ပါ။ ဘာအနံ့ပါလိမ့် ဆိုရင် လမ်းလွဲပါတယ်။
ထိတယ် ဆိုရင်လည်း ထိတယ် ထိတယ် ပဲ မှတ်ပါ။ ဘာကို သွားထိနေတာပါလိမ့် ဆိုရင် မှားပါတယ်။
ဒီလိုလေးပဲ ကမ္မဌာန်းထိုင်တဲ့ အခါမှာ ဆင်ခြင်ကြည့်ပါ။ ဒီလို ဆင်ခြင်ရင် တရားပေါက်ပြီး နိဗ္ဗာန် မြန်မြန်ရောက်မယ် လို့တော့ ကျွန်တော် မပြောလိုပါ။ အထက်က ရေးထားတဲ့ အတိုင်းပဲ ဒါက ကျွန်တော်ရဲ့ ဆင်ခြင်နည်းပါ။ ဘယ်သူနဲ့မှလည်း တူမှာ မဟုတ်ပါ။ တခြားသူတွေလည်း သူတို့ဖာသာ အဆင်ပြေတဲ့ ဆင်ခြင်နည်းတွေ ရှိပါလိမ့်မယ်။ ဘာပဲ ပြောပြော ကျွန်တော်တို့မှာ “ ဘုရား ဖြစ်ရပါစေသား ” ဆိုသော ဆုကြီး မပန်နိုင်ခင် အချိန်ထိတော့ ကျွန်တော်တို့ မျက်မှောက်ပြုထားရမှာ “ နိဗ္ဗာန် ” ပဲ မဟုတ်ပါလား။
ဘယ်လမ်းကပဲ သွားသွား လိုရာ နိဗ္ဗာန်လမ်းကို မြန်မြန်ရောက်နိုင်ကြပါစေ။
ကိုဇော်ဘလော့မှ ကူးယူဖော်ပြသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment